လူမနေရဲတဲ့လက်သည်အိမ် စ/ဆုံး
လူမနေရဲတဲ့လက်သည်အိမ် စ/ဆုံး
သော်တာလမင်းစန္ဒာ တစ္ဆေသရဲဆိုတာကို ခင်ဗျားတို့မြင်ဖူးတွေ့ဖူးကြလား။ ဒီမေးခွန်းကို လူတော်တော်များများလည်းမေးဖူးကြလိမ့်မယ်ထင်ပါတယ်။ တော် တော်များကတွေ့ဖူးတယ်လို့ဖြေကြသလို တချို့ကလည်းမတွေ့ဖူး ကြဘူးဖြေမှာပဲ။ အယုံအကြည်မရှိတဲ့သူတွေလည်းဒုနဲ့ဒေးပေါ့။ ကျွန်တော်လည်း အယုံအကြည်မရှိတဲ့သူအမျိုးအစားထဲပါတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားစပ်မိတိုင်းငြင်းကြခုန်ကြတာခဏခဏပေါ့။ သူငယ်ချင်းတွေထဲမှာ ကျွန်တော်နဲ့ ဘုန်းမြတ်ကတစ်ဖွဲ့။ ကျန်တဲ့သူတွေက ရှိတယ်၊ ယုံတယ်ဆိုတာပဲ။ ဒါတွေကို အရင်ကတည်းကငြင်းနေကြ။ ဒါပေမယ့် တစ္ဆေသရဲ တကယ်ရှိ၊ မရှိ ဆိုတာဘယ်သူမှသက်သေမ ပြနိုင်ခဲ့ကြဘူးဗျ။ ဒီလိုနဲ့ သက်သေပြနိုင်တဲ့တစ်နေ့ကိုရောက်လာခဲ့တယ်။
အယုံအကြည်လုံးဝမရှိခဲ့တဲ့ ကျွန်တော့ကို ပြောင်းလဲစေခဲ့တဲ့ နေ့လေးကိုတော့ ကျွန်တော်မေ့လို့ရမယ်မထင်ဘူး။ တစ်ရက် ကျွန် တော့သူငယ်ချင်းရဲ့ မိတ်ဆွေတစ်ယောက်က သူနဲ့စကားစပ်မိရင်း၊ ” မင်းတို့မယုံဘူးဆို သွားလေ့လာလိုက် ” ဆိုပြီး နေရာတစ်ခုကိုညွှန် ပေးလာတယ်။ သူညွှန်ပေးတဲ့နေရာက မြစ်ဝကျွန်းပေါ် ကမြို့ငယ် လေးရဲ့အနီးမှာရှိတဲ့ ရွာငယ်ဇနပုဒ်လေးပဲ။ ရွာနာမည်ကကိုင်းတော တဲ့။ ကျွန်တော်နဲ့ ဘုန်းမြတ်က သွားချင်တယ်။ ကျန်တဲ့သူတွေကမသွား ရဲကြဘူး။ သူတို့ကို မရအရအတင်းခေါ်ရတာပေါ့။ ဒါမှတစ္ဆေဆိုတာ တကယ်မရှိဘူးလို့ လက်တွေ့ရှင်းပြလို့ရမှာမလား။ သူတို့မလိုက်ရဲ ရတဲ့အကြောင်းရင်းက ကိုယ်ဝန်ဖျက်ချရင်းသေသွားပြီး မကျွတ်ဘဲ ခြောက်နေတယ်ဆိုတဲ့ တစ္ဆေမ ကြောင့်ပဲ။
နောက်ဆုံးတော့ကျန်တဲ့ သူငယ်ချင်းသုံးယောက်လည်းမငြင်းသာတော့ဘဲလိုက်လာရတော့ တယ်။ ကျွန်တော်တို့အကုန်စုစုပေါင်း ၅ ယောက်ဗျ။ ကျွန်တော်ရယ်၊ ဘုန်းမြတ်၊ ရဲသွေးအောင်၊ ဖြိုးသူရ နဲ့ ထူးနိုင် အားလုံး၅ ယောက် ခရီးစထွက်လိုက်ကြတယ်။ အဲ့ဒီရွာကိုရောက်ဖို့ Expressကားအ ရင်စီး ပြီးရင် စက်လှေတစ်ခါထပ်စီးပြီးမှရောက်တာဗျ။ ကျွန်တော်တို့ရောက်သွားတော့ ယောင်လည်လည်နဲ့ပေါ့။ အသိမိတ် ဆွေလည်းမရှိ။ သရဲတကယ်ရှိမရှိ ဆိုတာစုံစမ်းချင်ရုံနဲ့ လာကြတာ ကိုး။ လမ်းညွှန်ပေးတဲ့သူက သူလည်းတစ်ဆင့်စကားနဲ့သိရတာဆို တော့ နေရာပဲညွှန်ပေးလိုက်နိုင်တယ်။ ကျွန်တော်တို့လည်းဖြစ်ချင် ရာဖြစ်ဆိုပြီးရွာထဲဝင်လာကြတာပေါ့။ ရွာအိမ်ခြေကတစ်ရာလောက် တော့ရှိပေမယ့် လူလူသူသူသိပ်မတွေ့ရဘူး။
တစ်အ်ိမ်နဲ့တစ်အိမ် လည်းနဲနဲလှမ်းတယ်။ ရွာလယ်လမ်းအတိုင်းဝင်လာရင်း တည်းလို့ ခိုလို့အဆင်ပြေနိုင်မယ့်အိမ်အရင်ရှာကြတာပေါ့ဗျာ။ ကျွန်တော်တို့ ရွာထဲဝင်လာပြီးမကြာဘူး ရွာခံတွေကအသီးသီးအိမ်ထဲကနေထွက် ကြည့်လာကြတယ်။ ရွာလေးကနဲနဲခေါင်လို့လားမသိဘူး။ လူစိမ်းဝင်လာရင်အကုန်ထွက် ကြည့်ကြတာများ ကျွန်တော်တို့မှာ နိုင်ငံကျော်မင်းသားတွေလိုလို တောင်ဖြစ်လာမိသေး။ အနီးနားကလူကိုစကားစပြီးမေးကြည့်လိုက် တယ်။ ကျွန်တော်တို့လည်းကိုယ့်ကိုယ်မိတ်ဆက်ကြတာပေါ့။ သူတို့ ကလည်းဖော်ဖော်ရွေရွေတွေပါပဲ။ ဘာအကူအညီလိုသလဲလို့မေး ကြတယ်။ မီးတွင်းထဲသေသွားလို့မကျွတ်ဘူးဆိုတာကို လာလေ့လာ တာလို့လည်းဆိုရော သူတို့အကုန် အနောက်ဆုတ်သွားကြတယ်ဗျ။
ကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ကနဲဖြစ်သွားကြ တာပေါ့။ သူတို့ထဲကအသက် ၆၀ ဝန်းကျင်ဦးလေးကြီးတစ်ယောက် ကပြောတယ်။ ” ငါ့တူရီးတို့… ဒီလောက ကမစမနောက်ကောင်းဘူး… မစူးစမ်းချင် ကြနဲ့… လှည့်သာပြန်ကြတော့ ” ” ဒီလိုပါဦးလေး…ကျွန်တော်တို့ကလေ့လာချင်ရုံပါ… စဖို့နောက်ဖို့ မဟုတ်ပါဘူးခင်ဗျာ… တကယ်ရှိမရှိပဲသိရရုံတော်ပါပြီ… နှုတ်စည်း လည်းစောင့်ပါမယ်ဗျ “ ရွာကလူတွေက လက်မခံချင်ကြဘူး။ ကျွန်တော်တို့ကိုပြန်ပဲပြန်ခိုင်း ကြတယ်။ ကျွန်တော်တို့ကလည်း မသိရမချင်းမပြန်ဘူးလို့ခံငြင်းကြ တာပေါ့။ တကယ်ခံငြင်းတာက ကျွန်တော်နဲ့ဘုန်းမြတ်ကဒိုင်ခံ။ ဟို ကောင်တွေက နဂိုကမှမလိုက်ချင်တာ ပြန်မယ်ချည်းပဲဗျ။ နောက် တော့ ရွာကလူတွေကပြောရတာမောလာတယ်ထင်တယ်။
ဒါဆို လည်း အဲ့ဒီအိမ်မှာတစ်ညလောက်နေကြည့်လိုက်လို့ပြောလာတယ်။ သူတို့ပြောတဲ့အိမ်ဆိုတာ ကောင်မလေးသေသွားတဲ့အိမ်ကိုပြောကြ တာ။ နေမယ်လို့ပြောပြီးလိုက်ပို့ခိုင်းလိုက်တာပေါ့။ ရွာကလူနှစ် ယောက်ကလိုက်ပို့ပေးတယ်။ အိမ်က မြေနိမ့်ပိုင်းထဲမှာဗျ။ ဘေးမှာအိမ်တွေမရှိဘူး။ သူတို့ပြောတာတော့ လက်သည်ရဲ့အိမ်လို့ပြောတယ်။ ကောင်မလေးကဒီရွာက ကမဟုတ်ဘူး။ တခြားကနေလက်သည်ဆီ ကလေးလာဖျက်ချတာ။ ကလေးဖျက်ရင်းသေတာလို့ပြောတယ်။ ကောင်မလေးကသေပြီး တော်တော်လေးခြောက်နေလို့ လက်သည်လည်းအိမ်ကိုပစ်ခဲ့ပြီး တစ်ခြားမှာအိမ်ပြန်ဆောက်နေတယ်တဲ့။ သူတို့ပို့ပေးတဲ့အိမ်နား ရောက်တော့ လိုက်ပို့ပေးတဲ့လူနှစ်ယောက်ကအိမ်ကိုလက်ညိုးထိုး ပြပြီး ပြန်ပြေးသွားကြတာပဲ။
ကျွန်တော်နဲ့ဘုန်းမြတ်က တစ်ယောက် ကိုတစ်ယောက်ကြည့်ပြီးပြုံးမိသေးတယ်။ တော်တော်ကြောက် တတ်တဲ့သူတွေဆိုပြီး။ အိမ်ထဲဝင်ဖို့ လမ်းကနေလှေကားထစ်ပုံဖော်ထားတဲ့မြေသားကနေ ဆင်းရတယ်။ အိမ်ကလမ်းအောက်မှာ။ ထရံအိမ်ဟောင်းလေး။ လူ မနေတာကြာပြီမလို့ ယိုင်နဲ့နဲ့ ပုံဖြစ်နေတယ်။ ခြံစည်းရိုးလည်းမရှိဘူး။အိမ်ဘေးမှာလည်းခြုံတွေချည်းပဲ။ ကျွန်တော်တို့လည်းခြုံတိုးပြီးအိမ်ထဲဝင်လာကြတယ်။ အိမ်အတွင်းပိုင်းမှာလည်းဘာပစ္စည်းမှမရှိဘူးဗျ။အခန်းကသုံးခန်းကန့်ထားတယ်။ အိပ်ခန်းလိုလိုကနှစ်ခန်း၊ နောက်တစ်ခန်းကမီးဖိုချောင်လိုထင်တယ်။ ထမင်းစားဘာညာအ တွက်ဖြစ်မယ်ဗျ။ တချို့ထရံတွေဆို ပေါက်ပြဲနေပြီ။ ကြမ်းခင်းက လည်းဝါးကပ်လိုမျိုးခင်းထားတယ်။ ကျွန်တော်တို့ ဝိတ်နဲ့အိမ်ပြိုကျမှာတောင်စိုးမိသွားသေးရဲ့ဗျာ။ အိမ်ထဲကညှင်းသိုးသိုးအနံ့ကတော်တော်ဆိုးတာမလို့အိမ်ပြူတင်းတံခါးတွေအကုန်ဖွင့်လိုက်ကြတာပေါ့။ ခရီးပန်းလာလို့လှဲတဲ့သူကလှဲ၊ တစ်ယောက်တစ်ပေါက်ပြောတဲ့သူက ပြောပေါ့ဗျာ။ ဖြိုးသူရကတော့ တော်တော်ကြောက်နေပုံရတယ်။ လူ နောက်တစ်ကောက်ကောက်ကိုလိုက်နေတာ။
ဒီငါးယောက်နဲ့အိမ် တစ်ခြမ်းကပြည့်နေပြီကို သူကလိုက်ကပ်တုန်း။ ရေမိုးချိုးချင်ပေမယ့် လည်း ရေချိုးဖို့မပြောနဲ့ခြေလက်ဆေးဖို့တောင်ရေမရှိဘူး။ အဲ့ဒီအိမ်မှာခဏနားပြီး အထုပ်အပိုးတွေထားခဲ့ပေါ့။ ရွာလယ်ဖက်ပြန်ထွက်လာကြတယ်။ဗိုက်ကဆာပြီလေ။ ရွာထဲကလူတွေက ကျွန် တော်တို့ကိုတွေ့တာနဲ့ ဝိုင်းလာကြတယ်။ သရဲတွေ့ခဲ့လားဆိုတာ သူတို့လည်းစိတ်ဝင်စားနေကြတာကိုးဗျ။ ကျွန်တော်တို့ဗိုက်ဆာလို့စားစရာလေးဝယ်ချင်တယ်ဆိုတော့ ရွာ မှာဘာဆိုင်မှမရှိဘူးတဲ့။ ရွာကလူတွေကသူတို့အိမ်မှာလာစားပါလို့ အတင်းလုယက်ခေါ်ကြတယ်။ ချစ်စရာဓလေ့လေးပေါ့ဗျာ။ ကျွေးချင် မွေးချင်ကြတဲ့စေတနာသဒ္ဓါတရားကို မျက်ဝါးထင်ထင်တွေ့ခဲ့ရ တယ်။ နီးစပ်ရာအိမ်တစ်အိမ်ကိုဝင်ပြီး စားလိုက်ကြတယ်ပေါ့ဗျာ။
စားရင်းနဲ့ အိမ်ပိုင်ရှင်လက်သည်အကြောင်းမေးတော့ လက်သည် က ရွာတောင်ဖက်မှာနေတာတဲ့။ ကျွန်တော်တို့လည်းလက်သည်ကိုသွားတွေ့လိုက်ကြတယ်။ အချိန်ကလည်းပိုနေတာကိုး။ လက် သည်အိမ်ရောက်တော့ သူကပြောပြတယ်။ သေသွားတဲ့ကောင်မလေးနာမည်က အေးမြမွန် တဲ့။ အသက်က (၂၀)ပဲရှိသေးတယ်လို့ဆိုတယ်။သူ့ဆီလာတော့ကိုယ်ဝန် ၄လရှိပြီ ပြောတယ်။လက်သည်က ဖျက်လို့မလွယ်လို့မွေးခိုင်းပေမယ့် ကောင်မလေးအမေက အတင်းဖျက်ချခိုင်းခဲ့တာဆိုပဲဗျ။ လက် သည်လည်းကြိုးစားပြီးဖျက်ချပေးပေမယ့် ကောင်မလေးက အ သက်ဆုံးသွားခဲ့ရတာပေါ့။ကောင်မလေးသေသွားမှသူ့အမေကယူကျုံးမရဖြစ်တော့တာ။ အေးမြမွန်အလောင်းကို ကိုင်းတောသုဿာန်မှာပဲမြုပ်လိုက်တယ်တဲ့။ ဒါပေမယ့် အေးမြမွန်က လက်သည်ရဲ့ အိမ်မှာတော်တော်လေးကိုခြောက်နေလို့ ဆက်မနေရဲဘဲပြောင်းလာတာလို့ပြောတယ်ဗျ။ ရွာကမယုံတဲ့သူတွေလည်းလက်သည်အိမ်မှာစောင့်အိပ်ကြဖူးတယ် တဲ့။
ဒါပေမယ့်အေးမြမွန်ဝိဥာဉ်ကအရမ်းခြောက်လို့ပြေးကြတဲ့သူ တွေချည်းလို့ဆိုတော့ ကျွန်တော့သူငယ်ချင်းတွေမျက်စိမျက်နှာ ပျက်သွားတာတွေ့မိသေး။ ဒီကောင်တွေကြားရရုံနဲ့တင်ဒီလောက် ချောက်ချားနေရင် ဆိုပြီး တွေးမိသေးတယ်။ လက်သည်အိမ်ကနေ ပြန်ပြီး အိမ်ထဲလာဝင်နားကြတာပေါ့။ ပင်ပန်းလာလို့အကုန်လုံးနှစ် နှစ်ခြိုက်ခြိုက်ကြီးကိုအိပ်ပျော်သွားကြတာ။ ကျွန်တော့ကို ရဲသွေး အောင်လာနိုးမှနိုးလာတယ်။ သူလာနိုးတော့မှောင်ရီပျိုးနေပြီ။ ထူး နိုင် ပျောက်နေလို့ဆိုပြီးလာနိူးတာ။ အကုန်လိုက်ရှာကြတာပေါ့။ ဖယောင်းတိုင်ထွန်းတဲ့သူကထွန်း၊ ဓါတ်မီးထိုးပြီးရှာကြတာ။ တွေ့မယ့်တွေ့တော့ အိမ်အနောက်ဖက်မှာငုတ်တုတ်ထိုင်နေတယ် ဗျ။ ဘာဖြစ်တာလဲမေးတော့လည်းအူကြောင်ကြောင်နဲ့။ သူ့သူဘယ် ရောက်နေမှန်းသိပုံမရဘူး။
ကျွန်တော်တို့ကိုမြင်မှအသိစိတ်ဝင်လာ ပြီးကယောင်ကတမ်းတွေပြောလာတာ။ ကျွန်တော်လည်းသူတို့အ ကြောက်လွန်နေမှန်းရိပ်မိလို့ အကုန်အိမ်ထဲဝင်ပြီးတာနဲ့ သူတို့ကို စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ နဲနဲအိပ်လိုက်ရတော့လူကလန်း လာပြီလေ။ ကျန်တဲ့သူတွေလည်းမအိပ်ကြတော့ဘူး။ စကားဝိုင်းဖွဲ့ ပြောရင်း အေးမြမွန်ဝိဥာဉ်ဘယ်အချိန်ထွက်လာမလဲပဲစောင့်နေကြ တော့တယ်။ ည ၁၀နာရီလောက်ရောက်တော့ ဘုန်းမြတ်က တစ်ယောက်တည်း ထရယ်ပါလေရော။ ကျွန်တော်တို့အားလုံးကြောင်သွားကြမိတယ်။ ရယ်စရာလည်းမပြောဘဲနဲ့သူ့တစ်ယောက်တည်းရယ်နေတာ။ ပြီး တော့ သူ့ဗိုက်ကိုလက်နှစ်ဖက်နဲ့ပိုက်ထားသေးတယ်။
ကျွန်တော့ သူငယ်ချင်းတွေက ဘုန်းမြတ်ကိုသရဲပူးနေပြီဆိုပြီး အိမ်ကနေပြန် ထွက်ဖို့ပြောကြပေမယ့် ကျွန်တော်ခေါင်းမာမာနဲ့ငြင်းမိခဲ့တယ်။ တကယ်ဆိုသူတို့ပြောသလိုပြန်ထွက်ခဲ့ရင် ကောင်းမှပဲလို့ တခါခါ ပြန်တွေးမိပါတယ်။ ကျွန်တော်ကမကြောက်တတ်တဲ့သူဆိုတော့ ဘာမှမဖြစ်ဘူးလို့ပဲပြောနေတာ။ ဘုန်းမြတ်က ရယ်နေရင်း ” ဗိုက်ဆာလိုက်တာ ” လို့ပြောတယ်။ ကျွန်တော်က ကျောပိုးအိတ်ထဲက မုန့်တွေထုတ်ပေးတော့ မစား ချင်ဘူးတဲ့။ ဒါပဲ ပါလာတာလို့ပြောပြီးမုန့်တွေပြန်ထည့်နေတုန်း ရဲသွေးအောင်ကိုလည်ပင်းထညှစ်ပါလေရော။ ကျွန်တော်တို့လည်း ဝိုင်းဆွဲကြပေမယ့် ဒီကောင်ကအားတော်တော်ကိုကောင်းနေတော့ တော်တော်နဲ့ဆွဲလို့မရဘူး။ ထူးနိုင်ကပိုက်ဆံအိတ်ထဲက မဟာ မြတ်မုနိဘုရားပုံတော်ကိုထုတ်ပြီးဘုန်းမြတ်နဖူးပေါ်ကပ်ပေးလိုက်မှ ငြိမ်သွားတာ။
အဲ့ဒီတော့မှဘုန်းမြတ်လည်းသတိပြန်ကပ်လာတော့တယ်။အကုန်လုံးကကြောက်နေကြပြီ။ ကျွန်တော်လည်းနဲနဲတော့ လန့်လာပြီလေ။ အိမ်ကနေပြန်ထွက်ရမလားလို့တွေးနေတုန်း အိမ်ဝမှာမိန်းမတစ်ယောက်ကျောပေးပြီးထိုင် နေတာကိုရုတ်တရက်တွေ့လိုက်ရတာပဲ။ ဖယောင်းတိုင်မီးတွေအများကြီးထွန်းထားတော့ သေသေချာချာကို မြင်နေရတာ။ ဆံပင်ကဂုတ်ဝဲကျော်ကျော်လေးနဲ့ဗျ။ ခေါင်းငုံ့ပြီးထိုင်နေတာ။ အကုန်လုံးကအိမ်ထဲပိတ်မိနေသလိုဖြစ်နေပြီလေ။ သူကအိမ်အဝမှာထိုင်နေတာကိုး။ကျွန်တော်လည်းသရဲမှန်းသိနေပြီ။ ကျောရိုးထဲစိမ့်လာပြီး ခေါင်းကဆံပင်လည်းထောင်တက်လာတယ်။ သူငယ်ချင်းတွေအကုန်ပူးကပ်ပြီး အနောက်ဆုတ်လာကြတာ အိမ် ထောင့်အထိပဲ။ အနောက်မှာထရံပဲကျန်တော့တယ်ဗျ။
အဲ့ဒီသရဲမက ကျောပေးထိုင်နေရင်း သူ့ခေါင်းကိုပြန်မော့လာတယ်။ ပြီးတော့ ကိုယ်ကမရွေ့ပါပဲနဲ့ ခေါင်းတစ်လုံးတည်း တဖြည်းဖြည်း လှည့်လာတယ်ဗျာ။ ကျွန်တော့တစ်သက်နဲ့တစ်ကိုယ် ခုလိုမျက်ဝါး ထင်ထင်တွေ့ဖူးတာပထမဆုံးပဲ။ ဘယ်လောက်တောင်ကြောက်မိ လဲဆို ဒူးနှစ်ဖက်ကတစ်ဆတ်ဆတ်တုန်တက်လာပြီး စကားသံ တောင်မထွက်လာနိုင်တော့ဘူး။ သူငယ်ချင်းတွေအကုန်လုံးပါးစပ် က အာစေးမိထားသလို အော်မရဟစ်မရနဲ့ အသံမထွက်ကြဘူးဗျ။ လှည့်လာတဲ့ခေါင်းက ကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်။ ပြီးတော့ ထရပ်လာတယ်ဗျာ။ ကျွန်တော်အသည်းတွေအူတွေဗြောင်းဆန်ကုန်သလိုပဲ။ သရဲမက ကျွန်တော်တို့ဆီနောက်ပြန်လျှောက်လာနေတာ။ စဉ်းစားကြည့်ဗျာ။
ကျောဖက်ကနေ ခေါင်းကမျက်နှာဖြူဖြူကြီးနဲ့ နောက်ပြန်လျှောက် လာတာ ဘယ်သူမလန့်ဘဲရှိမလဲ။ ဖြိုးသူရနဲ့ ဘုန်းမြတ်က အဲ့မှာ တင်မေ့လဲကျသွားတယ်။ ကျွန်တော်တို့ကတစ်ဖက်ကအိမ်ထောင့် ဆီအရင်ပြေးတာပေါ့။ ဒူးတုန်နေပေမယ့်အားတင်းပြီးပြေးကြတာ။ အိမ်တစ်ဖက်ကိုရောက်တာနဲ့ အိမ်အဝဆီတစ်ခါထပ်ပြေးတာ။ အိမ်အပြင်ကိုဘယ်လိုရောက်လာကြမှန်းမသိဘူး။ ပြေးရင်းနဲ့မှသတိရသွားမိတယ်။ အိမ်ထဲမှာ ဖြိုးသူရနဲ့ဘုန်းမြတ်ကျန် ခဲ့တယ်ဆိုတာနောက်မှသတိရသွားတာ။ ကျွန်တော်တို့အိမ်ထဲပြန် မဝင်ရဲတော့ဘူး။ သူငယ်ချင်းနှစ်ယောက်ကိုလည်းချန်ခဲ့လို့မဖြစ်ဘူး ဗျ။ အိမ်အဝကနေပဲအော်ခေါ်ပြီးထွက်လာခိုင်းမယ်ပေါ့။ သုံးယောက် သား တုန်တုန်ယင်ယင်နဲ့ အိမ်နားကပ်သွားကြတာ။
အိမ်ပေါ်တက် တဲ့လှေကားအတိုင်းတက်လာပြီးအိမ်ပေါက်ဝမှာသုံးယောက်သား ပူးကပ်နေရင်းအိမ်ထဲလှမ်းကြည့်လိုက်တာဗျာ။ သတိမေ့နေတဲ့ ဖြိုးသူရနဲ့ ဘုန်းမြတ်တို့နှစ်ယောက်ကြားမှာ သရဲမက ရပ်နေတာ တွေ့တာနဲ့ ကျွန်တော်တို့ပြန်ဆင်းပြေးကြတာပဲ။ ရွာခံတွေကိုအကူအညီတောင်းပြီးမှ ပြန်သွားခေါ်မယ်လို့တိုင်ပင် လိုက်ကြတယ်။ ရွာထဲပြေးကြတာပေါ့။ ကျွန်တော်တို့အသံကြား တော့ရွာကလူတွေထွက်လာကြတယ်။ ကျွန်တော်တို့လည်းအကျိုးအကြောင်းပြောပြပြီးအကူအညီတောင်းတော့ ရွာကလူတွေလည်းလိုက်လာပေးကြပါတယ်။ လူ ၂၀လောက်အင်အားဆိုတော့ ကြောက်စိတ်ကနဲနဲလျော့သွားသလိုပဲ။ အိမ်နားပြန်သွားပြီး အိမ်ပေါ်ကို ပြန်တက်ကြတာပေါ့။ လူများလို့လားမသိဘူး။ သရဲမကိုမတွေ့တော့ပါဘူး။
သူငယ်ချင်းနှစ်ယောက်ကိုသတိပြန်လည်အောင်လှုပ်နိုးတော့သူတို့သတိပြန်ရလာကြတယ်။ သတိရလာတာနဲ့ငိုကြတာဗျ။ သူတို့ကိုတွံခေါ်ပေးတဲ့သူတွေရယ်၊ အထုပ်အပိုးတွေပြန်သယ်ပေါ့လေ။ ထွန်းထားတဲ့ဖယောင်းတိုင်တွေ ပြန်လိုက်သိမ်းရသေးတယ်။ မတော်အိမ်မီးလောင်ရင်အမှုပတ်မှာစိုး ရသေး။ အကုန်လုံးအိမ်ကနေပြန်ထွက်လာကြတော့အားလုံးအေး အေးဆေးဆေးပဲ။ ရွာလယ်လမ်းပေါ်လည်းရောက်ရော ရွာထဲက ခွေးတွေက ဆက်တိုက်အူတော့တာ။ ကျွန်တော်တို့လူအုပ်ကိုကြည့် ပြီးထိုးဟောင်တော့တာပဲ။ ကျွန်တော်တို့လည်း ကျောချမ်းချမ်းနဲ့ ဆက်လျှောက်လာကြတာပေါ့။ ဒါပေမယ့်ကျွန်တော်မြင်လိုက်တယ် ဗ်။ ကျွန်တော့ရှေ့နှစ်ယောက်ကျော်မှာ ဆံပင်ဂုတ်ဝဲနဲ့သရဲမကအတူ လိုက်ပါလာတယ်ဆိုတာ။ ကျွန်တော်လန့်ပြီးအော်ဟစ်ပစ်လိုက် တော့လူတွေလည်းလန့်ကုန်ကြတယ်။ ဘာဖြစ်တာလဲပေါ့။
ကျွန် တော်ပြောပြတယ်။ ဒီထဲမှာသရဲမပါလာတယ်ဆိုတာ။ သူတို့ကနားလည်တယ်ထင်တယ်။ ရွာထဲကဘုန်းကြီးကျောင်းကိုအရင်ဆုံးသွား ကြတာပဲ။ ဘုန်းကြီးကျောင်းရောက်တာနဲ့ စိတ်ထဲနွေးသွားသလို ဖြစ်သွားတယ်ဗျ။ ကျောင်းထိုင်ဘုန်းဘုန်းကိုယ်တိုင်ကြွလာပြီးပရိတ် ရေတွေဖြန်းပေးတယ်။ အမျှတွေဝေပေးတယ်။ ကျွန်တော်တို့လည်းဘုန်းကြီးကျောင်းမှာပဲအိပ်လိုက်ကြတယ်ဗျ။ ကျွန်တော်တို့ကိုကူညီပေးတဲ့ရွာခံတွေလည်းအိမ်မပြန်ကြဘူး။ ဘုန်းကြီးကျောင်းမှာပဲအိပ်ကြတယ်။ သူတို့ပြောတာတော့ သူတို့ အိမ်ပြန်ရင် သူတို့နောက်လိုက်ပြန်တတ်လို့တဲ့ဗျာ။ ကျွန်တော်က တော့အဲ့ဒီအဖြစ်အပျက်ကြုံပြီးကတည်းက သရဲတစ္ဆေ တကယ်ရှိ မရှိဆိုတာမျိုး ယောင်လို့တောင်မစမ်းသပ်ဖြစ်တော့ဘူး။ တကယ်လို့ မယုံတဲ့သူတွေစမ်းသပ်ချင်တယ်ဆိုရင်တောင် ကိုင်းတောရွာက လူမနေရဲတဲ့လက်သည်အိမ်ကိုတော့ရှောင်ကြဗျာ။ ကျွန်တော်တို့ တောင်သည်းခြေပျက်ခဲ့ရတာမဟုတ်လားဗျ။